တောင်ကြီးမြို့လယ် ဓမ္မာရုံ
၁။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ လမ်းမတော်ရပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အရှေ့ဖက်ခြမ်းရှိ မြို့လယ်ဓမ္မာရုံကြီးသည် ၁၅-၉-၁၈၉၄ နေ့ တောင်ကြီးမြို့စတည်ပြီး ဆယ်စုနှစ်ကျော်အကြာ ၁၉၀၈ ခုနှစ်တွင်ဝါးတဲဝတ်ရုံကလေး အဆင့်က စတင်ခဲ့ပါသည်။
၂။ တောင်ကြီးမြို့နေ ပြည်သူများ၏ လှူဒါန်းမှုများကြောင့် သစ်သားတိုင် သွတ်မိုး၊ ၎င်းမှ အုတ်စီသွတ်မိုး သာသနိကအဆောက်အဦးဖြစ်လာပါသည်။
၃။ တောင်ကြီးမြို့နေ ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် မန္တလေးမြို့ ၌သွန်းလောင်းပြီး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၏ ရင်ငွေ့တော်ခိုလုံခဲ့သော ဉာဏ်တော်အမြင့် ၉-ပေ ၆-လက်မ နှင့် ဖွဲ့တော် ၆-ပေ ရှိ အတုလမာရဇိန် ဆုတောင်းပြည့်ဘွဲ့ခံကြေးသွန်း ဗုဒ္ဓကိုယ်စားတော်မြတ်ကြီးသည် ကောဇာ သက္ကရာဇ် ၁၂၉၄ခုနှစ်၊ နှောင်းတန်ခူးလဆန်း (၂)ရက်နေ့တွင် ဤစံကျောင်းတော်မြတ်ကြီး၏ ရွှေပုလ္လင်ထက်ဝယ်စံမြန်း သီတင်းသုံးတော်မူပါသည်။ထိုစဉ်ကစ “အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံကြီး”ဟူ၍ အမည်ကင်ပွန်းတပ် ခေါ်ဝေါ်ခဲ့ကြပါသည်။
၄။ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသည် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၉၂)ဖြင့် “အတုလမာရဇိန်ဆုတောင်ပြည့်၊ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့” အား နိုင်ငံတော်အတွင်း ထင်ရှားကျော်ကြားသော ဘုရားတစ်ဆူအဖြစ် ပြန်တမ်းဝင်စာရင်းသွင်းပြီး အမိန့်ကြော်ငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါသည်။
၅။ အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရားစံမြန်း သီတင်းသုံးတော်မူရာ မြို့လယ်ဓမ္မာရုံဗုဒ္ဓစံကျောင်းတော်မြတ်ကြီးကို ယနေ့ တွေ့မြင်နေရသည့်အတိုင်း ခန့်ငြားတင့်တယ် ကြည်ညိုဖွယ်ရာ သာသနိက စံကျောင်းတော်ကြီးအဖြစ်သို့ ရောက်ရှိစေရန် တောင်ကြီးမြို့ မြို့မရပ်ကွက်နေ အလှူဒါယကာ ဦးဖိုးထွန်းနှင့်ဇနီး၊ အလှုဒါယိကာမဒေါ်လူစီ(ခေါ်)ဒေါ်ခင်အေး တို့က ဂေါပကအဖွဲ့အား လှူဒါန်းထား ရှိသည့်နေအိမ်ကို ဘဏ္ဍစားလဲရာမှ ရရှိငွေကျပ်သိန်း(၉၀)ကိုမတည်ပြီး ဗုဒ္ဓဘာသာဝင်စေတနာရှင် သဒ္ဓါရှင်များ၏ထည့်ဝင် လှူဒါန်းငွေများဖြင့် ၁၅-၄-၁၉၉၄ နေ့ကစတင်ပြီး ဘက်စုံ ပြုပြင်မွမ်းမံတည်ဆောက်ခဲ့ရာ ၁၅-၁၂-၁၉၉၄ နေ့တွင်ပြီးမြောက်ခဲ့ပါသည်။စုစုပေါင်း ကုန်ကျငွေမှာ ကျပ်(၂၀၇၅၉၇၄၃ိ/-)ဖြစ်ပါသည်။
၆။ တောင်ကြီးမြို့၏ ကျက်သရေဆောင် အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရား၊ မြို့လယ်ဓမ္မာရုံကြီး၏ ဘဏ္ဍာတော်များ၊ ဗုဒ္ဓသန္တကပစ္စည်းများ၊ သာသနိက အဆောက်အဦးများအား ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သွားနိုင်ရန် ဂေါပကအဖွဲ့ကို ၁၉၈၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင်တစ်ကြိမ် ဒေသအုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ၂၀၁၉ နိုဝင်ဘာ (၂၀)ရက် တစ်ကြိမ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။
(က) မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့သည် ဂေါပကအဖွဲ့၏ ဖွဲ့စည်းပုံစည်းမျဉ်းများ၊ ဂေါပကအဖွဲ့ တာဝန်နှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲထားရှိပြီး လုပ်ငန်းကော်မတီများ အသီးသီး ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
(ခ) ဂေါပကအဖွဲ့က ကြီးမှူး၍ “ကမ္ဗောဇရဌ၊ သာသနာလင်္ကာရ ကမ္ဗောဇသာမဏေကျော် စာမေးပွဲကြီး” ကို၁၉၉၉ခုနှစ်ကစတင်ပြီး နှစ်စဉ်မပျက်မကွက်ကျင်းပလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် (၂၁)ကြိမ်တိုင်အောင် ပြီးမြောက်ခဲ့ပြီး “သာသနာလင်္ကာရကမ္ဗောဇသာမဏေကျော်ဘွဲ့ရ သာမဏေကျော်အပါး(၂၈၄)” ပေါ်ထွန်းခဲ့ပြီးဖြစ်ပါသည်။
(ဂ) ဂေါပကအဖွဲ့သည် ပထမတောင်ကျောင်းကြီးတိုက်မူလပဓါန မဟာနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနရိန္ဒအရှင်သူမြတ် မျိုးစေ့ချပေးခဲ့သော မြို့လုံးကျွတ် ဗုဒ္ဓါဘိသေကနေကဇာတင် ပူဇော်ပွဲကြီးကို ဆရာတော် ဘုရားကြီးဘ၀နတ်ထံ ပျံလွန်တော်မူပြီးနောက် နှစ်စဉ်ဆက်လက်ကျင်းပခဲ့ရာ ၂၀၁၉ခုနှစ်တွင် (၃၁)ကြိမ်ထိ ပြီးမြောက်ခဲ့ပြီးဖြစ်ပါသည်။
(ဃ) ဂေါပကအဖွဲ့သည် ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များ၌ တောင်ကြီးမြို့ပေါ်ရှိဝတ်အသင်း ဝတ်အဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များအား ဖိတ်ကြား၍ ဗုဒ္ဓအခါတော်နေ့ ပူဇော်ပွဲ၊ ဓမ္မစကြာအခါတော်နေ့ပူဇော်ပွဲ၊ ဝါတွင်းဥပုဒ်နေ့ ဝတ်ရွတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိပါသည်။(c) ဂေါပကအဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ၊ မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲ စသည်များ နှင့်ဘာသာရေးဆိုင်ရာအခမ်းအနားများ၌လည်း ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
(စ) ဂေါပကအဖွဲ့သည် မြို့လယ်ဓမ္မာရုံကြီး၌ အဘိဓမ္မာသင်တန်း၊ ပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုသင်တန်း၊ ဓမ္မာစကြာ၊ ပရိတ်ကြီး၊ မဟာသမယသုတ်အနတ္တလက္ခသုတ်ရွတ်ဖတ်ပူဇော်မှုသင်တန်း၊ အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
(ဆ) ဂေါပကအဖွဲ့သည် နိုင်ငံတော်က ကြီးမှူးကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုမဂ်စာမေးပွဲ၊ နိကာယ်ငါးရပ်စာမေးပွဲ၊ ဓမ္မာစရိယနှင့် ပါဋိပထမပြန်စာမေးပွဲများ အောင်မြင်စွာကျင်းပနိုင်ရန် နေရာစီစဉ်ပေးခြင်း၊ စာမေးပွဲကြီးကြပ်ပေးခြင်းနှင့် ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအတွက် န၀ကမ္မအလှူငွေ၊ ဆွမ်းအလှူငွေ၊ ဆွမ်းစရိတ်အလှူငွေ၊ စာအောင်ဆုအလှူငွေ၊ ကြို/ပို့စရိတ်နှင့် အထွေထွေအသုံးစရိတ်များ စသည့် ဘဏ္ဍာငွေများရရှိနိုင်ရန် မြို့နယ်/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ အကူအညီများရယူပြီး အလှူခံရှာဖွေပေးလျက်ရှိပါသည်။
(ဇ) မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့သည် ဘာသာ၊ သာသနာအကျိုးသယ်ပိုးဆောင်ရွက်ကြရာ၌ မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒ အဆုံအမများကို နာယူခြင်း၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနများနှင့် ပြည်နယ်သာသနာရေးဦးစီးဌာန တို့၏ အကြံပြုမှု၊ ကူညီပံ့ပိုးမှုများကို လေးလေးစားစားလက်ခံခြင်း တို့ဖြင့် ဂေါပကအဖွဲ့ဝင်များအားလုံး စိတ်စေတနာဖြူစင်သန့်ရှင်း ရိုးသားစွာဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဦးဘိုးထွန်းနှင့် ဇနီး ဒေါ်လူစီ(ခ)ဒေါ်ခင်အေးမှ ၁၉၈၅ ခုနှစ်၊ ဇူလိုင်လ(၂၅) ရက်နေ့ တွင် မြို့လယ်ဓမ္မာရုံကြီးဘက်စုံပြုပြင်ရန်အတွက် အလှူငွေကျပ်သိန်း(၉၀) ကိုမတည်လှူဒါန်းခဲ့ပါသည်။
ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်စောထွန်း နှင့် ဗိုလ်ချုပ်တင်ထွတ်တို့မှ ၁၉၉၄ ခုနှစ်၊ ဧပြီလ(၂၅) ရက်တွင် မြို့လယ်ဓမ္မာရုံကြီးအတွက် အလှူငွေကျပ်သိန်း(၂၇၀) ကိုလှူဒါန်းခဲ့ပါသည်။
နိုင်ငံတော်ပြန်တမ်းဝင် မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဌ ဦးထွန်းအောင် (၁၉၈၂-၁၉၈၅)
နိုင်ငံတော်ပြန်တမ်းဝင် မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဌ ဦးထွန်းတင် (၁၉၈၅-၂၀၀၀)
နိုင်ငံတော်ပြန်တမ်းဝင် မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဌ ဦးစွန်ကြိုင် (၂၀၀၀-၂၀၁၉)
နိုင်ငံတော်ပြန်တမ်းဝင် မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဌ ဦးသီဟန် (၂၀၂၀-၂၀၂၂)
နိုင်ငံတော်ပြန်တမ်းဝင် မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဌ ဦးမောင်မောင်မြင့် (၂၀၂၃)
နိုင်ငံတော်ပြန်တမ်းဝင် မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့ဥက္ကဌ ဦးဝင်းနိုင် (၂၀၂၃- )
မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဦး (၁၉၈၂ – ၁၉၈၅)
မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့အတွင်းရေးမှူး ဦးဝင်းမင်း (၁၉၉၂ – ၂၀၀၀)
မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့အတွင်းရေးမှူး ဦးထွန်းအေးလေး (၂၀၀၁ – ၂၀၁၉)
မြို့လယ်ဓမ္မာရုံဂေါပကအဖွဲ့အတွင်းရေးမှူး ဦးသန်းနိုင် (၂၀၁၉ – )